2nd Camp of MyanmarING အောင်မြင်စွာ ကျင်းပပြီးစီး

Under: SecondCamp

၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် ရန်ကုန်မြို့ အလံပြဘုရားလမ်းရှိ သမ္မတဟိုတယ် ပထမထပ် J. S. Furnivall Hall တွင် MyanmarING အဖွဲ့၏ ဒုတိယအကြိမ်မြောက် စာတမ်းဖတ်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ် ပထမအကြိမ် စာတမ်းဖတ်ပွဲ ပြုလုပ်ခဲ့စဉ်ကထက် စိတ်ဝင်တစား တက်ရောက်လာသူ အရေအတွက် ပိုမိုများပြားလာသည်ကို တွေ့ရသည့်အတွက် များစွာ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါသည်။ စာတမ်းရှင်ပေါင်း ၁၆ ဦး တက်ရောက် စာတမ်းဖတ်ခဲ့ကြပြီး စိတ်ဝင်တစား တက်ရောက်လာသူပေါင်း ၁၀၀ ဦးကျော်ရှိကြောင်း တွေ့ရပါသည်။ အထူးဧည့်သည်တော်များအဖြစ် Myanma Computer Co., Ltd. မှ ဥက္ကဋ္ဌ ဦးတင်ဝင်းအောင်၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အတွင်းရေးမှူး ဦးငြိမ်းဦး၊ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဒေါ်ဝါ၀ါထွန်း၊ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှူးဦးစီးဌာနမှ အငြိမ်းစား Director General ဒေါက်တာ ဦးထွန်းလွင်နှင့် Myanmar Egress မှ ဒါရိုက်တာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

စာတမ်းရှင် ၁၆ ဦးထဲမှ ပရိသတ်အကြိုက်ဆုံး စာတမ်းရှင် ၂ ဦးကို ပရိသတ်မှ မဲပေး ရွေးချယ်ခဲ့ရာ “Internet: Does it change our social life?” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်သွားခဲ့သော မအိအိအောင်က ပထမနေ့တွင် မဲပေးသူ စုစုပေါင်း ၃၇ ဦးတွင် ၉ မဲရသဖြင့် ၂၄.၃၂ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ “E-government for Reducing Corruption: Lessons from India” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်သွားခဲ့သော ကိုကျော်ညီစိုးက ဒုတိယနေ့တွင် မဲပေးသူ စုစုပေါင်း ၃၂ ဦးတွင် ၇ မဲ ရသဖြင့် ၂၂.၅၈ ရာခိုင်နှုန်းဖြင့် လည်းကောင်း အသီးသီး ရရှိသွားခဲ့ပါသည်။

စာတမ်းဖတ်ခဲ့သူများ၏ PowerPoint Slide များကို Camp အောက်ရှိ Second Camp တွင်တင်ထားသော MyanmarING Second Camp Agenda မှတဆင့် download ရယူနိုင်ပြီဖြစ်သည်။ အားလုံးမရနိုင်သေးသော်လည်း အတတ်နိုင်ဆုံးရနိုင်ရန် ပြင်ဆင်ပေးထားသည်။ Powerpoint များကို pdf version ဖြင့်ရယူနိုင်ရန်စီစဉ်ထားသည်။ Powerpoint ထဲမှမည်သည့်အကြောင်းအရာကိုမဆို အသုံးပြုလိုပါက စာတမ်းရှင်များထံမှ ခွင့်ပြုချက်ရယူရမည်ဖြစ်သည်။